ကျုံပျော် ဇူလိုင် ၇
ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်ရည်ရွယ် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်များ အသိအလိမ္မာတိုးအောင် စာပေဖတ်ရှုကြရန်၊ စာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးရန်နှင့် စာဖတ်ရှိန် မြင့်မားအောင် ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက “ စာပဒေသာ ဝေဆာစေမည်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကာ၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါပွဲတော်တွင် လူငယ် အသိပညာပေး ဟောပြောပွဲ၊ ဖျော်ဖြေပွဲ၊ လူငယ်စကားဝိုင်း၊ ဓာတ်ပုံပြခန်း၊ စာအုပ်၊ စာစောင်ပြခန်း၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဋိနှင့် ခါးလှည့်ကွင်း ပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်း၍ နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)