တောင်ငူ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်နှင့် (၂၁) ရပ်ကွက်ရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂၀) ရပ်ကွက် ရုံးတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အမှတ် (၂၁) ရပ်ကွက်ရုံး၌ လည်းကောင်းဆောင်ရွက်သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသည်းရောင် အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောဂါ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခဲ့ကြောင်းနှင့် ရပ်ကွက်ကျေးရွာ အလိုက်အဖွဲ့ခွဲ၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)