ပေါင်းတည်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သစ်ပင်များစိုက်ပျိုး

ပေါင်းတည် ဇူလိုင် ၇ 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့သည် မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သစ်ပင်များ စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ အပူဒဏ်ကာကွယ်ရေး၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုဖောက်ပြန်မှု နှင့် ဂဟေစနစ်များ ပြန်လည်ကောင်းမွန်လာစေရန်ရည်ရွယ်၍ သစ်တောဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်၏ ဦးဆောင်မှုဖြင့်  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆောင်ရွက်မှု၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်းနှင့် ဝန်ထမ်းအိမ်ရာဝင်း နေရာများတွင် အမျိုးသမီးရေးရာအဖွဲ့က ရတနာတန်းဝင် ကျွန်းပင်များ အပါအဝင် ကံ့ကော်၊ သပြေ၊ ယူကလစ်၊ ပိတောက်၊ စိန်ပန်း၊ မန်ဂျာရှားပင်များနှင့် အလှပန်းပင်များ စုစုပေါင်း အပင် (၃၀၀) ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)