ဓနုဖြူ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက အကျော်ကျေးရွာရှိ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အကျော်၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အကျော်မှ ကျောင်းအုပ်ဆရာမကြီ ဒေါ်စိုးစိုးညွှန့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အ.ထ.က(ခွဲ)အကျော်ကျောင်းမှ ကျောင်းသူ မအိမ့်ချစ်ငယ်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဇင်သူစိုးက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မအိမေနိုင်က လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မချောရူပါမင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မဇင်ဇင်ထွန်းက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများထဲမှ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ တက်ရောက်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြား ပေးခဲ့သည်။
လူငယ်စကားဝိုင်းအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)