ပန်းတနော် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဒေသခံပြည်သူများ အိမ်တွင်းမှုအတက်ပညာများ တက်မြှောက်စေရန်နှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် တက်စေရန်ရည်ရွယ်၍ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်စီက ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အိမ်တွင်းလက်မှုအတက်ပညာမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် တက်စေရန် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြည်သူများအကျိုးရှိစေမည့် သင်တန်းများလာရောက် ဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ Body Scrub စသည့် ပြုလုပ်နည်းများကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ သင်တန်းသား(၂၀)ဦးတို့အား စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)