ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီ ကြဲခင်းစနစ် လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲနှင့်အတူ စပါးအထွက်တိုးရေး တောင်သူများနှင့်တွေ့ဆုံ

ဘိုကလေး ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ် လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ အခမ်းအနားအား ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဖိုးရွှေလုံးကျေးရွာရှိ ဦးသန့်ဇင်၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ ဘိုကလေးမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးကော်မတီ၊ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ယခင်သမားရိုးကျ ကြဲခင်းစနစ်ဖြင့် မျိုးစေ့ချမှုအစား တောင်သူများ Drum Seeder အသုံးပြု၍ လယ်ယာမြေ(၂)ဧက၌ မှော်ဘီ(၃)မျိုးစေ့ချမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဝင်များက ဒေသခံ တောင်သူများအား မျိုးစေ့ချအခမ်းအနား ကျင်းပသည့် ဟိုင်းစီကျေးရွာရှိ ချမ်းမြေ့သာယာသူရိယ ဘုန်းတော်ကြီးကျောင်းတိုက်တွင် တွေ့ဆုံကာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခင်သမားရိုးကျဲ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းထက် စိုက်ခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းကပို၍ စပါးအထွက်တိုးသောကြောင့် ယခု Drum Seeder မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို ဆောင်ရွက်ရန်သင့်ကြောင်း၊ Drum Seeder မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် လုပ်သားရှားပါးမှု ပြဿနာကိုဖြေရှင်းနိုင်ပြီး လုပ်အားအင်မတန်သက်သာကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးက မျိုးစေ့ချစိုက်ပျိုးခြင်းစနစ်၏ အားသာချက်များ၊ စပါးအထွက်တိုးရေးအတွက် တောင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စပါးအဖျက် သတ္တဝါ ရွှေခရု ကာကွယ်နှိမ်နင်းနည်းများအား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)