ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံဧက ၁၄၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံဧက နှစ်သိန်းနှစ်သောင်းကိုးထောင်ကျော် စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မေလမှစတင်စိုက်ပျိုးခဲ့ရာ ဇွန်လကုန်အထိ ၁၄၄၅၅၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

ကျွန်တော်တို့မြို့နယ်မှာ ဒီနှစ် ပဲမျိုးစုံဧက နှစ်သိန်းနှစ်သောင်းကိုးထောင်ကျော် စိုက်ပျိုး ရန်လျာထားလျက်ရှိရာမှာ ဧက တစ်သိန်းလေးသောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီးနေပြီး ဆက်လက်စိုက်ပျိုးနေကြပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးသွားမှာပါ။ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထွက်ကောင်း မျိုးကောင်းမျိုးသန့်တွေကို သုံးစွဲဖို့၊ စိုက်နည်းစနစ်မှန်ကန်ဖို့၊ ဒေသထွက်မြေဩဇာ အချိုးကျသုံးစွဲနိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးနေပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်ကပြောသည်။

ထိုသို့ စိုက်ပျိုးရာတွင် သီးနှံအလိုက် စိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း ၅၆၁၈၀ ဧက၊ ပဲစင်းငုံ ၈၅၄၅၅ ဧက၊ စွန်တာပြာ ၂၁၄၂ ဧက၊ ထောပတ်ပဲ ၇၇၅ ဧကနှင့်အခြားပဲ ၃ ဧက စုစုပေါင်း ၁၄၄၅၅၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။