ပန်းတနော် ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို အကျယ်တဝင့်ဆွေးနွေး ပြောကြားပြီး စာဖတ်ဝိုင်းတွင်ပါဝင်ဆွေးနွေးကြသည့် အ.ထ.က (၂)ကျောင်းမှ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ နတ်သျှင် (ရွှေဂူ)ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပါ” စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် လူငယ်များကို ပျိုးထောင်ပေးပါ၊ နောင်တရမှာ မကြောက်ပါနဲ့၊ မိတ်ဆွေကောင်းနှင့် ခရီးသွားပါ၊ စာဖတ်ခြင်းအတတ်ပညာ၊ ခံစားမှုနှင့် ဖန်တီးခြင်းအနုပညာ၊ အတွေးများ လှစေချင်သည်၊ လူငယ်နှင့် အချိန်၏တန်ဖိုး စသည့် အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)