တောင်တွင်းကြီး ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်ကာ အသင်းစုဖွဲ့ထားရှိခြင်း၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ရှာဖွေစုဆောင်းထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား လက်တွေ့သရုပ်ပြခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်းများအား သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းပြင်ဆင်ထားရှိမှုများအားကြည့်ရှု့ကာ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အားလုံးချိတ်ဆက် ကူညီပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)