ကလေးဝ ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေနှင့်မြစ်သာမြစ်ရေ မြင့်တက်လာ၍ သတိပေးချင်အား ယမန်နေ့ ညနေက မြို့တွင်းသို့ လှည့်လည်သတိပေးခဲ့သည်။
ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာရှိပြီး ယခုအခါ ၁၄၇၆ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော ချမ်းအေးသာယာရပ်၊ မြို့သာရပ်နှင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ သတိပေးခဲ့သည်။
အဆိုပါ သတိပေးချက်၌ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများ အထူးသတိပြုနေထိုင်ကြရန်၊ အသက်ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်စုဆောင်းထားရှိရန်၊ အသက်အိုးအိမ် ပစ္စည်းများဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်၊ အကယ်၍ ရေတက်လာပါက နီးစပ်ရာရေဘေးကယ်ဆယ်ရေးစခန်း ရေလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်သွားကြရန် စသည့်အချက်များအား သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)