ဝေါ ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဧကရာဇ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်နွယ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက Moderatorအဖြစ် ဆောင်ရွက်ပေးပြီး အခြေခံပညာအထက်တန်းကျောင်း(ဧကရာဇ်)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade 11မှ (၃)ဦးနှင့် Grade10 မှ (၅)ဦး စုစုပေါင်း(၈)ဦး တို့က ပညာ၏ အရေးပါပုံများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)