ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများနှင့် အထူးနေ့လယ်စာသုံးဆောင်

ဘားအံ ဇူလိုင် ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက် (၁၁) နာရီက ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများအတူ အထူးနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ထိုသို့ နေလည်စာသုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြတ်သည့် အနာဂတ်နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးကြမည့် ဆရာ၊ ဆရာမလောင်းလျာများကို အသိအမှတ် ပြုတန်ဖိုးထားသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လည်စာကို အတူတကွလာရောက်သုံးဆောင်ခြင်းဖြစ်ကြောင်း၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများဖြစ်လာကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ထားရှိရမည့်ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာမှန်ကန်စေရေး သင်တန်းကာလတွင် ကျင့်ကြံအားထုတ် လေ့ကျင့်ကြရမည်ဖြစ်ပြီး မိမိတာဝန် ယူသင်ကြား‌ပေးရမည့် ကျောင်းသား၊ ကျောင်းသူလေးများအား စာပေတစ်ခုတည်းသာမက လိမ္မာရေးခြားရှိစေရေး၊ ဘက်စုံထူးချွန်သူများ ဖြစ်လာစေရေးကို လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ယခုမှစ၍ ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းလိုကြောင်း၊ တည်ဆဲဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလိုက်နာ၍ ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ထမ်းကောင်းဘဝကို ခံယူကြစေလိုကာ အစဉ်အမြဲသင်ယူလေ့လာနေမည့် Life-Long-Learner ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကျောင်းပိတ်ကာလတွင် နေရပ်သို့မပြန်နိုင်သော သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ် (၁၅) သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ (၆၇၄) ဦး၊ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ နည်းပြဆရာ/ ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ထိုသို့ အထူးနေ့လယ်စာသုံးဆောင်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက လိုက်လံကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)