သရက် ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်ခြင်း၊ ဖွင့်လှစ်ပြီးစာကြည့်တိုက်များ ရေရှည်ရှင်သန်လည်ပတ်နိုင်ရေးအတွက် ကော်မတီအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားပေးခဲ့ပြီး ကော်မတီဝင်များတစ်ဦးချင်း မိတ်ဆက်ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကျောင်းစာကြည့်တိုက်များတွင် ကျောင်းသားလူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြဆွေးနွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းတာဝန် (၆)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)