လိပ်သို ဇူလိုင် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေ၏ “အသေးအဖွဲ့လေးတွေနဲ့ စိတ်ညစ်မနေပါနဲ့” စာအုပ်ဖြင့် အ.ထ.က စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နော်ဂျော့ဂျက်က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို မျှဝေဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ ဗန်းမော်သိန်းဖေ၏ “အသေးအဖွဲ့လေးတွေနဲ့ စိတ်ညစ်မနေပါနဲ့” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ စောခန့်ညားအောင်(Grade-6) ကျောင်းသားက “စိတ်အေးချမ်းတည်ငြိမ်မှ အောင်မြင်မှုရမယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ကယ်ရိုလိုင်း (Grade-6) ကျောင်းသူက “လူတိုင်းကို ဆရာလို့ မြင်ကြည့်ပါ” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာရေးဆရာ ဗန်းမော်သိန်းဖေ၏ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် အလုပ်ကို တည်ငြိမ်အေးဆေးစွာ လုပ်တတ်သူသည် အောင်မြင်မှုနှင့် ပိုမိုနီးစပ်ကြောင်း၊ အောင်မြင်မှုရမှ စိတ်အေးချမ်းတည်ငြိမ်မည်မဟုတ်ဘဲ စိတ်အေးချမ်းတည်ငြိမ်မှ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)