ပန်းတောင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် တစ်ရွာ ၂ ဧက စိုက်ခင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဒေါင်းမြတ်နားကျေးရွာနှင့် စွယ်တော်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း(၁၈၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀၀)ပင်၊ ကြောင်လျှာ (၁၀၀)ပင်၊ ဒန့်ဒလွန် (၁၀၀)ပင်၊ မဟော်ဂနီ (၆၀၀)ပင်၊ တမာ (၂၀၀)ပင် စုစုပေါင်း ပျိုးပင်(၄၈၀၀)ပင်အား သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ရာသီဥတုကောင်းမွန်မျှတစေရေးနှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးထက်အောင်-၁ နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၁၀)ဦး တက်ရောက်ခဲ့ပြီး သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)