မိုးညို ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက ငါးကယ်ကျေးရွာအုပ်စု၊ အ.မ.က (သရက်တစ်ပင်) ကျောင်း၌ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အ.မ.က(သရက်တစ်ပင်)စာသင်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူကလေးများ အသိပညာ ဗဟုသုတများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က လူငယ်များ အသိပညာတိုးပွားစေရေး ဆောင်ရွက်ပေးနေမှုနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်နှင့် အငယ်တန်းစာရေး ဒေါ်သုန်နဒီကိုတို့က ကျောင်းသားလူငယ်များ ဗဟုသုတရရှိရန်နှင့် ပျော်ရွှင်စေရန်အတွက် ပုံပြင်ပြောခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ သက်ငယ်မုဒိမ်းပပျောက်ရေး နံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူကလေးများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)