မင်းဘူး ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို ရင်းနှီးကျွမ်းဝင်ပြီး တွင်ကျယ်စွာ အသုံးလာစေရေးနှင့် လယ်ယာမြေများ၌ သီးနှံမျိုးစုံစိုက်ပျိုးချိန်တွင် ရေကြီး/ရေဝပ် နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက်၊ ကွင်းအမှတ် ၁၃၁၈ တောင်သူ ဒေါ်မြင့်မြင့်၏ ယာမြေ ၄ ဧကအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်းမှ ဦးဆောင်ပြီး ဘောင်ဖော်ထွန်စက်ကိရိယာကို ကူညီပံ့ပိုးကာ တောင်သူ ဒေါ်မြင့်မြင့်၏ ယာမြေ ၄ ဧက အတွင်း ပဲစင်းငုံသီးနှံအား ကွင်းသရုပ်ပြစိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ မင်းဘူးခရိုင်နှင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားပြီး လက်တွေ့ထွန်ယက် စိုက်ပျိုးဆောင်ရွက်ခဲ့သည်။
ဘောင်ဖော်ထွန်စက်ကိရိယာသည် ဘောင်ခြား အကွာအဝေး ၃ ပေမှ ၆ ပေအထိ၊ ဘောင်အနက် ၉ လက်မ၊ ဘောင်ထိပ်ဝအကျယ် ၁၆ လက်မမှ ၁၈ လက်မအထိ ထားရှိ၍ စိုက်ပျိုးနိုင်သည့်အတွက် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေအပေါ်မူတည်၍ ဘောင်ကြားအကွာအဝေး၊ ဘောင်အတိမ်အနက်၊ ဘောင်အကြီးအသေးတို့ကို တောင်သူစိတ်ကြိုက် လိုအပ်သလိုချိန်ညှိပြီး စိုက်ပျိုးနိုင်ခြင်း၊ ဘောင်ဖော်ရန်အတွက် သီးခြားထွန်များစက်ကို အသုံးပြုစရာမလိုဘဲ ထွန်ခုံပေါ်တွင် ဘောင်ဖော်ကိရိယာကို အလွယ်တကူ တပ်ဆင်ချိတ်ဆွဲအသုံးပြုနိုင်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းပြီး ဆောင်ရွက်ပါက လုပ်သားအင်းအားကုန်ကျမှုနှင့် လုပ်သားရှာပါးမှုပြသနာကိုဖြေရှင်းပေးနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်း၊ တောင်သူနှင့် စိုက်ပျိုးရေးသုံးစက်ကိရိယာများ ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်အတွက် ယခုလို ကွင်းသရုပ်ပြ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မင်းဘူးမြို့ အမှတ်(၈) စက်မှုလယ်ယာစခန်းမှ တာဝန်ခံ ဦးစီးအရာရှိ ဦးအောင်မျိုးမြင့်က ပြောကြားခဲ့သည်။
ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများတွင် ဘောင်ကြီးတင်စနစ်ဖြင့် သီးနှံမျိုးစုံကို စိုက်ပျိုးခြင်းအားဖြင့် ရာသီဥတုဖောက်ပြန်မှုအခက်အခဲများ ကျော်လွှားနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်းအခြေအနေများတွင် ရေတင်၊ ရေဝပ်၊ ရေများခြင်းမရှိစေဘဲ ရေသွင်း/ရေထုတ် လွယ်ကူစေခြင်း၊ ခြောက်သွေ့သောရာသီ၌ မြေအစိုဓါတ်ကို ထိန်းပေးနိုင်ခြင်း၊ ရေစိမ့်ဝင်မှုကို ပိုမိုအားကောင်းစေခြင်း၊ ရေချိုသယံဇာတစိုက်ပျိုးရေကို ချွေတာနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုကို လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကာ အဓိက နှမ်းသီးနှံအပြင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲပုတ်၊ မြေပဲ၊ နေကြာ၊ ကြက်သွန် စသည့် ယာသီးနှံမျိုးစုံကို စိုက်ပျိုးနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)