ကြံခင်း ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပညာရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်၏ သားကောင်းရတနာများအဖြစ် ပေါ်ထွန်းလာစေရေးအတွက် ကျောင်းစာအပြင် အသိပညာဗဟု သုတရရှိစေမည့် စာအုပ်များ ဖတ်စေရှုလေ့နိုင်စေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ဗလငါးတန်နှင့် ပြည့်စုံသည့်သူများ ဖြစ်ကြစေရန်အတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ ပြုလုပ်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြော ပွဲများပြုလုပ်ပေးခြင်း၊ သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီကြစေလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့နှင့် Women Club အဖွဲ့များက လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမတွင် ပြလုပ်မည့် ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ အသီးသီးဆွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် မြို့နယ်ပညာရေးမှူးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများဖြင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)