ပေါက်ခေါင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်နွေစပါးသီးနှံ ရိတ်သိမ်းခြွေလှေ့ပြီးချိန်တွင် မိုးစပါးသီးနှံကို စတင်စိုက်ပျိုးခဲ့ရာ ယခုနှစ်မိုးရာသီ၌ မိုးစပါး ၄၆၇၅၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယမန်နှစ်ကမိုးစပါးကို လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်တွင်လည်း ဇွန်လကုန်အထိမိုးစပါးဧက ၉၇၀၀ ကျော်စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်မျိုးသန့်များ ရရှိနိုင်ရေးလုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်လျက်ရှိပြီး မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက်လည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကြီးကြပ်၍ မိုးစပါးစိုက်တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ကြဲပက်စိုက်ပျိုးခြင်းအစား (Drum Seeder)စနစ်၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးကြရန်တို့ကို တောင်သူပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)