ကော့သောင်းမြို့တွင် ပထမအကြိမ် ရွှေအင်ကြင်း ဓမ္မကထိကသင်တန်းကြီး ဖွင့်လှစ်သင်ကြားလျက်ရှိ

ကော့သောင်း ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နိုင်ငံကျော်ဓမ္မကထိက ရှင်ဥတ္တမကျော်၏ တပည့်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ သာသနာ့ဝုမိကရဓမ္မကထိက သာသနာပြုနယ်လှည့် ဓမ္မကထိကမှ သင်တန်းပို့ချပြီး၊ ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်အရှင်ဝိန္ဒာစာရ ဦးဆောင်ကာ၊တာဝန်ခံဆရာတော်များဖြင့် စုပေါင်းဖွင့်လှစ်သော ပထမအကြိမ် ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီးကို ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတွင် ဇွန်လ (၃၀) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့ထိ (၇) ရက်တာ သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကြီးတွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ ရွှေအင်ကြင်းဓမ္မကထိကသင်တန်းကျောင်း၊ သာသနာပြုနယ်လှည့် ဓမ္မကထိကသာသနာ့ဝုမိကရ ဓမ္မကထိက၊ ပဋိပတ္တိဂုဏ်ထူးဆောင်၊ သင်တန်းမှူးနည်းပြ၊ အရှင်သုမင်္ဂလ (ရွှေအင်ကြင်း) ဆရာတော်မှ ဒေသအသီးသီးမှ ကြွရောက်ပညာသင်ယူကြသော ဓမ္မကထိကလောင်းလျာ သာသနာ့ဝန်ဆောင်သံဃာတော်အရှင်မြတ်များအား “သံဃာတော်များအနေဖြင့် ပရိယတ္တိအရာ၌ ပြည့်စုံ၍ တရားဓမ္မများသင်ကြားပို့ချပေးပြီး ပရိပတ္တိဆိုင်ရာ တရားဓမ္မများကို စာပေကျမ်းကန်နှင့် ဓမ္မနည်းစနစ်ကျကျ ဟောနိုင်ပြောနိုင်ပြီး (ပရိယတ္တိနှင့် ပရိပတ္တိ) သာသနာနှစ်ရပ်လုံးကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်ရန်၊ စာ‌‌ပေလည်းတတ်၊ တရားဓမ္မများလည်း နည်းစနစ်ကျကျ ဟောနိုင်၊ ပြောနိုင်စေရန်ရည်ရွယ်၍ ဓမ္မကထိက သင်တန်းကြီးအား ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓမ္မကထိကသင်တန်းကြီးသည် ကော့သောင်းမြို့တွင် ပထမအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပြီး တစ်ရက်လျှင် စာသင်ချိန် (၃) ကြိမ်ဖြင့် (၇) ရက်တာ သင်ကြားပို့ချပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အမြို့မြို့၊ အနယ်နယ်မှ ဆရာတော်၊ သံဃာတော် (၄၇) ပါး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)