ဘားအံမြို့၌ ခရိုင်အဆင့် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးကျင်းပ

ဘားအံ ဇွန် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သဘာတဘေးအန္တရာယ်များ ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၃) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်က ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ရေဘေး၊ လေဘေး၊ မီးဘေး၊ ကမ်းပြိုဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့်  အပိုင်း (၃) ပိုင်းကို ထိထိမိမိဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း၊ သဘာဝဘေးဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ယခင်နှစ်က ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများ၊ သဘာဝဘေးနှင့်ပတ်သက်၍ သတင်းအမှန်များကို အချိန်နှင့်တပြေးညီ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဘားအံခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက မိမိတို့ဌာန အလိုက်ဆောင်ရွက်ကြမည့် သဘာဝဘေးဖြစ်လာပါက လုံခြုံရေးကိစ္စများ ဆောင်ရွက်မည့် အခြေအနေ၊ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊ စိုက်ပျိုးသီးနှံများ ပျက်စီးပါက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမည့်အခြေအနေများ၊ ကယ်ဆယ်ရေးစခန်းများတွင် သန့်ရှင်းရေး၊ ကျန်းမာရေးဆောင်ရွက်မည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်မည့် အစီအမံများ စသည်တို့ကို ဆွေးနွေးတင်ပြကြရာ ဘားအံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့၍ နေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ရသူ ဒေသခံပြည်သူ (၅) ဦးအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြေနေရာများ ချထားပေးခဲ့ရာ မြေပိုင်ဆိုင်မှု အထောက်အထားများကို  ဘားအံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ (၅) ဦး၏ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)