မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၄

၂၀၂၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးအားကစားကွင်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်းဆောင်ရွက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြေးခုန်ပစ်အားကစားသည် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်အများဆုံးရရှိသည့် အားကစားနည်းတစ်ခုဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်မည်ဆိုပါက အားကစားသမားတစ်ဦးကို ရွှေတံဆိပ် (၄)ခုထိ  ဆုတံဆိပ်များရရှိပြီး မိမိနေထိုင်ရာ မြို့နယ်၊ ခရိုင်၏ ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများမှတစ်ဆင့် တိုင်းဒေသကြီးဂုဏ်၊ ထိုမှတစ်ဆင့် နိုင်ငံကိုယ်စားပြု လက်ရွေးစင်ကစားသမားများဖြစ်လာမည်ကိုလည်း ယုံကြည်မိပါကြောင်း၊ “မြန်မြန်ပြေး ဝေးဝေးပစ် မြင့်မြင့်ခုန်”ဟူသော ဆောင်ပုဒ်အတိုင်း မြန်မြန်ပြေးနိုင်သူ၊ အဝေးဆုံးပစ်နိုင်သူ၊ မြင့်မြင့်ခုန်နိုင်သူများသာ ဆုတံဆိပ်များကို ပိုင်ဆိုင်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားနိုင်ရေးအတွက် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်နေရာတွင် အားကစားသမားများနှင့် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲသို့ အားကစားကို တာဝန်ယူ စီမံခန့်ခွဲသူများ၏ အပိုင်းမှာလည်း အရေးကြီးသည့်အတွက် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ပူးပေါင်းပံ့ပိုးကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခင် ပြည်နယ်နှင့် တိုင်းဒေသကြီး  အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၃)ခု ရရှိသည့်အတွက် ယခု ပြိုင်ပွဲတွင်လည်း ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရမယ်ဆိုသည့် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကာ၊ အောင်မြင်သောစိတ်ကို အခြေခံပြီး လုံ့လဝီရိယနှင့် မပြတ်တမ်းအားထုတ်မှု၊ ကြိုးစားသင်ယူမှုနှင့် ကျွမ်းကျင်မှုများကို ပေါင်းစပ်ပြီး ထူးချွန်ထက်မြက်သော ပြေးခုန်ပစ်အားကစားသမားများဖြစ်လာသည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားကာ ၂၀၂၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ် ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၁၅၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသားအလျားခုန် ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀)အပြေးပြိုင်ပွဲ လူရွေးပွဲနှင့် အမျိုးသား သံပြာဝိုင်းပစ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့်အဖွဲ့များမှ ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပြေးခုန်ပစ်အားကစားနည်းပါဝင်သည့်အတွက် မကွေးတိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ကစားသမားများ ပေါ်ထွက်လာရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား (၄-၇-၂၀၂၄)ရက်နေ့မှ (၇-၇-၂၀၂၄)ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ