မင်းဘူး ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ တိုင်းရင်းသားပြည်သူများ၏ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက်ဆောက်အအုံသစ်များကို တိုးချဲ့ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ ရှိပြီးသားစာကြည့်တိုက်များအတွက် ပရိဘောဂအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် သုတ၊ ရသစာအုပ်စာပေများ လှူဒါန်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး (၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပြည်သူများ၏ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသားစာကြည့်တိုက်များအတွက် ပရိဘောဂ အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသစာအုပ်စာပေများ လှူဒါန်းပေးခြင်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ရှင်းပြသည်။
ယခုအခါ မင်းဘူးခရိုင်အတွင်း၌ တိုင်းရင်းသားပြည်သူများ၏ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဖွင့်လှစ်မည့် စာကြည့်တိုက်များအတွက် တစ်တိုက်လျှင် ထောက်ပံ့ငွေကျပ်သိန်း ၅၀ ဖြင့် မင်းဘူး(စကု)မြို့နယ် ထိန်တောကျေးရွာမှ ပန်းပျိုးခင်းစာကြည့်တိုက်၊ လက်ခုပ်ပင်ကျေးရွာမှ ကမ္ဘာ့ရွာစာကြည့်တိုက်၊ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာမှ မုတ်သုံဦးစာကြည့်တိုက်တို့ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် အသစ်တိုးချဲ့ဆောက်လုပ်မည့် စာကြည့်တိုက်များမှာ မင်းဘူး(စကု)မြို့နယ်၌ ပင်လယ်သက်ကျေးရွာနှင့် ပေါက်ငူကျေးရွာ၊ ပွင့်ဖြူမြို့နယ်၌ လယ်ကိုင်းမြို့ဟောင်းနှင့် ကျောင်းတော်ရာ စုစုပေါင်းစာကြည့်တိုက်(၄)တိုက်ကို ယခုနှစ်အတွင်း အသစ်တိုးချဲ့ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ ရှိပြီးသား စံညိစာကြည့်တိုက် ၂၈ တိုက်အတွက် သုတ၊ ရသ စာအုပ်စာပေများကိုလည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)