ဟင်္သာတမြို့နယ်တွင် အခွန်တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရေး အခွန်အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ဟင်္သာတ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက အခွန်တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရေး အခွန်အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်း၊ စည်ပင်အမှူဆောင်အရာရှိ ဦးသက်အောင်၊ စီမံကိန်းဦးစီးမှူး ဒေါ်မြင့်မြင့်ဝေ၊ မြို့နယ်အခွန်ဦးစီးမှူး နော်ခူးဝါးဖောနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဖုန်းဆိုင်များ၊ ရွှေဆိုင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး၊ စတိုးဆိုင်အရောင်းဆိုင်များ  တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက အဖွင့်အမှာစကားပြောကြားကာ ဟင်္သာတမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှူး ဒေါ်နော်ခူးဝါးဖောက အခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်စီမံကိန်း ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိတို့မှ ဖြည့်စွက်ဆွေးနွေး ရှင်းလင်းခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်များ၊ အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)