မြဝတီမြို့၌  (၇၇)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

မြဝတီ ဇူလိုင်  ၄

ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်  ကဗျာပြိုင်ပွဲကို  ယနေ့နံနက် ၉  နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်သီရိစုမွန်ထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်ပေးဒိုင်အဖွဲ့  ဆရာ၊ဆရာမများက ပြိုင်ပွဲစည်းကမ်းများ ဖတ်ကြားပေးပြီးပြိုင်ပွဲကို စတင်ခဲ့ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည် နေ့နှင့်  သမိုင်းပေးတာဝန်” ခေါင်းစဉ်ဖြင့်  ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှင့်  ကဗျာပြိုင်ပွဲတွင် တုနှိုင်းမမီ  အာဇာနည်”  ခေါင်းစဉ်ဖြင့်  ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့်ကျောင်းသား၊ကျောင်းသူ ၁၄ ဦးနှင့် ကဗျာပြိုင်ပွဲတွင် မျက်ရည်မိုးဝေတဲ့ဇူလိုင်(၁၉)”ခေါင်းစဉ်ဖြင့် ကျောင်းသူ ကိုးဦးကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ၍  ပြိုင်ပွဲ၌ ဆုရရှိသူများကို  မြို့နယ်ပညာရေးစုံညီပွဲတော်တွင်  ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

ဇာဖြူဝင်း(မြဝတီ)