အိမ်မဲ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲပြုလုပ်ရန်နှင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၂) ဒေါက်တာသန်းဌေးက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲပြုလုပ်ရန်နှင့် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မြို့နယ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲဖြစ်မြောက်ရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီစသည့် ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းနောင်က မြို့နယ်အနေဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အခြေအနေများ၊ ဘဏ္ဍာငွေရှာဖွေရေးကိစ္စရပ်များကို ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)