ဖြူး ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာန(ခွဲ)အုတ်ဖြတ်မျိုးသန့်ခြံ၌ စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် ဆင့်ပွား မျိုးစေ့နှင့် မျိုးသန့်မျိုးပွား မျိုးစေ့ စုစုပေါင်း (၁၁၂)ဧက စိုက်ပျိုးမည်ဖြစ်ရာ ဇွန်လပိုင်းမှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မျိုးစေ့ဌာန(ခွဲ)အုတ်ဖြတ်မျိုးသန့်ခြံတွင် ဆင့်ပွားမျိုးစေ့နှင့် မျိုးသန့်မျိုးပွားမျိုးစေ့များအဖြစ် ဆင်းသုခမျိုး (၈၇.၅၀)ဧက၊ မနောသုခမျိုး (၁)ဧက၊ မှော်ဘီမျိုး (၃.၅၀)ဧက၊ ရက်(၉၀)မျိူး (၂၀)ဧက စုစုပေါင်း (၁၁၂)ဧကခန့် စိုက်ပျိုးထားကြောင်းနှင့် ထွက်ရှိလာသည့် ဆင့်ပွားမျိုးစေ့များကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းစုခြံ၊ ပေါက်တပင်ခြံ၊ ပဲခူးခြံ၊ ပွဲပြည့်ခြံ၊ ပေါင်းတည်ခြံ၊ သစ်ချိုခြံများအတွက်လည်းကောင်း၊ မျိုးသန့်မျိုးပွားမျိုးစေ့များကို တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များနှင့် ဖြူးမြို့နယ်အတွင်းရှိ အကျိုးဆောင်တောင်သူများ၊ သမဝါယမအသင်းများကိုလည်းကောင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်ဖြတ်မျိုးသန့်ခြံအနေဖြင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာပေးခြင်းနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ အကျိုးဆောင်တောင်သူတွေကို နည်းပညာပေးခြင်းများကို ဆောင်ရွက်နေကြောင်း ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာန(ခွဲ)အုတ်ဖြတ်မျိုးသန့်ခြံမန်နေဂျာဦးစိုးနိုင်ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)