အမာမြို့၊ (၃)ဘဝသစ်ကျေးရွာ၊ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်းအတွင်း ဒီရေတောသစ်ပင် ဧက(၂၀) စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

အမာ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ (၃)ဘဝသစ်ကျေးရွာရှိ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်းအတွင်း ဒီရေတောသစ်ပင်ဧက(၂၀) စိုက်ပျိုးပွဲအခမ်းအနားကို (၃)ဘဝသစ်ကျေးရွာ၊ ဗဟိုစည်ကျောင်းတိုက်အတွင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းက ဒီရေတောစိုက်ခင်းများ စိုက်ပျိုးမှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမာမြို့၊ သစ်တောဦးစီးဌာနမှ၊ တောအုပ် ဂျက်မောင်မောင်က ဒီရေတောစိုက်ခင်းများ စိုက်ပျိုးရခြင်းနှင့်ပတ်သက်သည့်အကြောင်းများ၊  စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ရာ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်ရရှိသည့် အကျိုးကျေးဇူးများ၊ ဒီရေတောစိုက်ခင်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် PTTEP International Limited (Yangon Branch)မှ Mr. Arraya Chamtim က ဒီရေတောစိုက်ခင်းများ စိုက်ပျိုးမှုနေရာအနီးဝန်းကျင် ဒေသများတွင် ဇီဝမျိုးကွဲများအား အထောက်အပံ့ဖြစ်စေရန်နှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများရရှိနိုင်သည့် လူမှုဘဝတိုးတက်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်‌ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဒီရေတောစိုက်ခင်းရှိရာသို့ သွားရောက်ကြကာ သမဲ့ကြီးနှင့် ဗြူးအုပ်ဆောင်း အပင်များကို စိုက်ပျိုးခဲ့ကြပြီး ဒီရေတောဧက(၂၀)တွင် သစ်ပင်စုစုပေါင်း(၂၄၂၀၀)ပင်ကို  ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ သစ်တောဦးစီးဌာနမှ တောအုပ်ဂျက်မောင်မောင်နှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ PTTEP International Limited (Yangon Branch)မှ Mr. Arraya Chamtim နှင့် အဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဒေသခံဒီရေတောစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အမာ(ပြန်/ဆက်)