ပွင့်ဖြူ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်စိုသီးနှံစိုက်ဧက ၅၆၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့်တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တစ်မြို့နယ်လုံး မိုးငရုတ်စိုသီးနှံ ၅၆၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးငရုတ်စိုသီးနှံ ၁၄၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးရာသီမှာ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် မိုးငရုတ်စိုသီးနှံ ၅၆၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ ၁၄၈ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ မိုးငရုတ်စိုသီးနှံစိုက်ပျိုးရေးကို ဒေသခံတောင်သူတွေက ဇွန်လ ပထမပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ကြပါတယ်။ ငရုတ်သီးနှံကဈေးကွက်ရှိတော့ တောင်သူတွေက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုး လုပ်ကိုင်ကြတယ်။ တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ ငရုတ်သီးနှံမျိုးကတော့ သာမို-၁၁ ငရုတ်မျိုး၊ ငရုတ်ပွနဲ့ကလော်အော်သီး ငရုတ်မျိုးများကို စိုက်ပျိုးကြပါတယ်။ ဒေသခံတောင်သူတွေကိုလည်း စားဖိုဆောင်သီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်ရှိလာတဲ့သီးနှံတွေမှာ စားသုံးသူပြည်သူတွေ အစားအစာဘေးကင်းလုံခြုံစေဖို့အတွက်လိုအပ်တဲ့ အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်တွေ၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနည်းလမ်းတွေကို သိရှိလိုက်နာနိုင်အောင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်သည့်အတွက် ဒေသခံတောင်သူများက သီးနှံဝင်ငွေတွက်ခြေကိုက်သည့် ငရုတ်သီးနှံအား(နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံးစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ဒေသခံတောင်သူများကို စားဖိုဆောင်သီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်သည့် စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )