ဘားအံ ဇူလိုင် ၄
ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် (၅၉၀၀) သန်းဖြင့် ဆိုင်ခန်းပေါင်း (၁၆၄) ခန်းပါဝင်သည့် Hyper Market( အဆင့်မြင့်ဈေး)ကို တည်ဆောက်သွားမည် ဖြစ်ရာ ယနေ့နံနက် (၈) နာရီက ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွှေယဉ်မြော်ဘုရားအနီးရှိ အဆိုပါဈေးသစ်တည်ဆောက်မည့်မြေနေရာ၌ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ကျင်းပသည်။
အဆိုပါဈေးသစ်ကြီးကို Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင်မှုဖြင့် အောင်ငွေဖူးကုမ္ပဏီလီမိတက်က မြေဧရိယာ ၃ ဒဿမ (၆၄၂) ဧကပေါ်တွင် ၂၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့် လူနေဆိုင်ခန်း (၁၀) လုံး၊ ၃၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့်လူနေဆိုင်ခန်း ၁ လုံး၊ ၁၀၀ ပေ x ၁၀၀ ပေ x RC ၄ ထပ် Hyper Market (အဆင့်မြင့်ဈေး)အဆောက်အဦများကို တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ ဈေးဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ပန္နက်တော်များကို ရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်ရေးစီမံကိန်းတာဝန်ခံ KSD Co.,Ltd (ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ)ဥက္ကဋ္ဌ ဦးအောင်သန်းက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒါရိုက်တာဦးရန်ပိုင်မြင့်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းဝင် အဆောက်အဦများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ မင်္ဂလာပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ဘားအံတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံမိုးရာသီ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြန်မာစာမေဂျာ အသင်းနှင့်သမိုင်းမေဂျာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားပေးကြည့်ရှုခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် မြန်မာစာမေဂျာအသင်းက (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ စိုးစိုးအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများနှင့် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ မိုးရာသီ အားကစားပြိုင်ပွဲများတွင် အမှတ်အများဆုံးဖြင့် တံခွန်စိုက်ဒိုင်းဆု ရရှိသွားသော သမိုင်းဘာသာရပ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)