စေတုတ္တရာ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနက မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်များနှင့် မြေပြိုကျမှုအန္တရာယ်များ၊ သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်းကူညီတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ကာတပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်တွေရင်ဆိုင်ကြုံတွေ့လာပါက ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှုတွေမရှိအောင် အချိန်နဲ့တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့်အတူကြိုတင်၍ ဇာတ်တိုက်လေ့ကျင့်မှုများကိုပြုလုပ်ကာ အသင့်စုဖွဲ့ထားရှိပြီးဖြစ်ပါတယ်။ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကြုံလာပါက ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရာမှာ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် လုပ်ငန်းကျွမ်းကျင်မှုရှိစေဖို့နဲ့ လူ/ယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းများကြံ့ခိုင်ကောင်းမွန်မှု အသင့်ရှိစေဖို့အတွက် ရည်ရွယ်လေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြည်သူတွေကလည်း သဘာဝဘေး အန္တရာယ်ရင်ဆိုင်ကြုံတွေ့လာပါကလိုအပ်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနများကို အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ ချိတ်ဆက်ကာပြောကြားလိုပါတယ် ဟု စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်က ပြောသည်။
စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နှစ်စဉ်မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော (မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး)အစရှိသည့် သဘာဝဘေးအန္တရာယ်များနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း၊ ဘေးအန္တရာယ်များကျရောက်လာသည့်အချိန်၌ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုမရှိစေရေးအတွက် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)