မြောင်းမြမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မြောင်းမြ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနရုံး၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးရာတွင် အသည်းရောင်အသားဝါ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသဝါ(ဘီ)-ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ကျန်းမာရေးဝန်ထမ်းဆရာမများက မတ်လ (၁) ရက်နေ့မှ စတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိ မြောင်းမြမြို့ပေါ်ရှိ (၁၆) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)