ကန်ကြီးထောင့် ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း လုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများကို ဇူလိုင်လ (၃) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်က အမှတ် (၁) ရပ်ကွက်ရှိ ဆိပ်ကမ်းသာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ သရုပ်ပြလေ့ကျင့်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲနိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေး ယာဉ် (၃) စီးဖြင့် မြစ်ရေပြင်အတွင်း လှေတိမ်းမောက်ရာ၌ ရေနစ်သူများအား ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သရုပ်ပြလေ့ကျင့်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)