လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို ဇူလိုင် ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပြဿနာသည် နိုင်ငံအားလုံးတွင် ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်ခံရသော အမျိုးသမီးများမှာ စိတ်ထိခိုက်မှုဖြစ်ပေါ်ကာ စိတ်မလုံခြုံစွာရပ်တည်ကြရကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေးသော ဥပဒေပုဒ်မများအကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများဖြစ်သည့်  ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားနိုင်သော အကြောင်းအရင်းများနှင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သော  အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်သိရှိစေရေးအတွက် ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူလူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)