ချောက် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြစ်ရေကြီးခြင်းနှင့် သဘာဝဘေးဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြမှုကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၄)ရက်ကွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိခြင်းနှင့် လတ်တလော ဧရာဝတီမြစ်ရေမြင့်တက်လာနိုင်သည့်အတွက် မြို့မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ဖြစ်ပွားမှုပေါ်မူတည်၍ ကဏ္ဍအလိုက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လက်တွေ့အသုံးပြုမှုများကို သရုပ်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က သင့်လေးသင့်ဖြစ်သည့် လူအသင့်၊ စက်အသင့်၊ ရေအသင့်၊ ဆီအသင့်ဖြစ်နေစေရေး လမ်း ညွန်မှာကြားခဲ့သည်။
အဆိုပါသရုပ်ပြခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သရုပ်ပြမှုများကို ကြည့်ရှုအားပေးလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)