မင်းဘူးခရိုင်အတွင်း၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ၊ ယာဉ်၊ စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိ

မင်းဘူး ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့်မြို့နယ်များရှိ မီးသတ်ဦးစီးဌာနရုံးများတွင် အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ၊ ယာဉ်၊ စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ခရိုင်နှင့်မြို့နယ်များတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်များအလိုက် ကော်မတီအဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

“မိုးတွင်းကာလ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနက မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များအပြင် မြန်မာနိုင်ငံ​မီးသတ်ဦးစီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ နယ်မြေခံမီးသတ် စခန်းများတွင်လည်း အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ၊ ယာဉ်၊ စက်ယန္တရားများဖြင့် တစ်မြို့နယ်လျှင် တပ်စုတစ်စုကို ၃၅ ဦးနှုန်းဖြင့် တပ်စုပေါင်းငါးစု၌ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၇၅ ဦးဖြင့် အရန်သင့် ဖွဲ့စည်းထားရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းပြီး မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ကမ်းပြိုဘေး စသည့် သဘာဝဘေးအမျိုးအစားအလိုက် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်စုအဖွဲ့လိုက် လေ့ကျင့်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလေ့ကျင့်ခြင်း အစီအစဉ်များကို အစဉ်အမြဲလေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း” ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း က ရှင်းပြသည်။

မင်းဘူးခရိုင်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိရေအမှတ်သည် ၁၁၈၃ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုလက်ရှိတွင် မြေပြင်အသိပညာပေးခြင်း အစီအစဥ်အဖြစ် မြေနိမ့်ပိုင်းဒေသများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်နေပြီး မြစ်ရေအမှတ် ၁၅၀၀ စင်တီမီတာသို့ရောက်ရှိခဲ့ပါက မြစ်ကြောင်းအတွင်း စက်လှေများဖြင့် ရေပြင်သတိပေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

မိဘပြည်သူများအနေဖြင့် နယ်မြေအလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အရန်သင့်ဖွဲ့စည်း ထားရှိပြီးဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက သက်ဆိုရာ နယ်မြေခံ မီးသတ်စခန်းများနှင့် အရေးပေါ်ဆက်သွယ်ရေးဖုန်းနံပါတ်များသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)