စလင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်နေထိုင်သည့် ကျေးရွာများအတွင်း ရေဘေးအန္တရာယ်မြေပြိုဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များ အသိပညာပေးလိုက်လံနှိုးဆော်

စလင်း ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်နေထိုင်ကြသည့် ကျေးရွာများအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆင်ဖြူကျွန်းမြို့နယ်ရှိ ဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဧရာဝတီမြစ်ဘေးရှိကျေးရွာများနှင့် ဆင်ဖြူကျွန်းမြို့ပေါ် ရပ်ကွက်များအတွင်း ရေဘေးအန္တရာယ် မြေပြိုဘေးအန္တရာယ် ဆောင်ရန်/ ရှောင်ရန်အချက်များကို လိုက်လံကြေညာနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံဆောင်ရွက်ရာတွင်  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများပူးပေါင်း၍ ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများသို့သွားရောက်၍ ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာများနှင့်စပ်လျဥ်း၍ မဖြစ်ခင်ကြိုတင်ပြင်ဆင်ရမည့်အချက်များ ဖြစ်နေစဥ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်များအတွင်းနှင့် လူစည်ကားရာ မြို့မစည်ပင်သာယာစျေးအနီးနှင့် စွန်းကျွန်းညိုကျေးရွာ၊ သရက်ချဥ်ကျေးရွာဆိပ်ကြီးကျေးရွာ၊ သနပ်ကုန်းကျေးရွာ၊ ဇီးကျွန်းကျေးရွာများရှိ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက လိုက်လံကြေညာ ဝေငှပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)