သရက် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ် (၂၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး အထူးကုဆရာဝန် (ဆေးပညာ) ဒေါက်တာရဲကျော်မိုးက အကြိမ် (၂၀၀) ပြည့်မြောက်သည်ထိ အောင်မြင်စွာ ကျောက်ကပ်သွေးသန့်စင်နိုင်ခြင်းအား ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် ရန်ကုန်မြို့နေ ဦးဝင်းမြင့်ထွန်း ဒေါ်နှင်းနှင်းရဲမြင့်တို့၏သမီး မခင်ဖြူစင်သန့် ဇူလိုင်လ (၅) ရက်နေ့တွင် ကျရောက်မည့် (၇)နှစ်မွေးနေ့အတွက် အလှူငွေ(၅)သိန်းအား အလှူရှင်များ ကိုယ်စား ဦးရဲထွဋ်က ပေးအပ်လှူဒါန်းရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က လက်ခံပေးခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ(၅)သိန်း လှူဒါန်းပေးခြင်းအတွက် အဖွဲ့ဝင် ဦးတင်အောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)