မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ဆီထွက်သီးနှံအထူးဇုန် လျာထားဧကပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ  ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံ အထူးဇုန်လျာထားဧက ပြည့်မီရေး မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအား တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မတိုက်နယ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ တိုက်နယ်အလိုက် အဖွဲ့ခေါင်းဆောင်များက မိုးဦးကာလ မိုးရွာနေပြီဖြစ်၍ မိုးသီးနှံလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်၊ ဆီထွက်သီးနှံ အထူးဇုန်ဖြစ်သည့်အတွက် မိုးနေကြာ စိုက်ပျိုးရန်၊ တစ်ဧကအပင်ဦးရေ ပြည့်မီရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ အပင်သက်တမ်းအလိုက် သားခွဲပေါင်းနှုတ်ခြင်း လုပ်ငန်းများ အချိန်မီဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံ အထူးဇုန်တွင် စိုက်ပျိုးရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးနည်းပညာများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသည့် ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက ဆီထွက်သီးနှံ အထူးဇုန်လျာထားချက် ပြည့်မီရေး ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)