မိုးညို ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ရေကြီးပြီး နောက်ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ခဲ့ပြီး ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအား ကျေးရွာနေအိမ်များအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)