နတ်မောက်မြို့နယ်၌ အသား၊ ငါး ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

နတ်မောက် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသား၊ ငါး ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့မဈေးအတွင်း လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များက ဒေသခံပြည်သူများမှ အသား၊ ငါးဆိုင်များတွင် ဝယ်ယူရာ၌ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်စေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရန် အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၁၇၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၁၆၀၀၀) ကျပ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ အသားဈေးနှုန်းများကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက Hand Speaker ဖြင့်ကြေညာ၍ ရောင်းချပေးခြင်းတို့ကို နေ့စဉ်စောင့်ကြည့်ကြပ်မတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း