ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ‌ဒေါ်ဌေးဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးတို့၏ စွမ်းဆောင်ရည်အကြောင်းအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဥ္ဇာဝင်းက အမျိုးသမီးကာကွယ် စောင့်‌ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကြောင်းအားလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဆန်းဆန်းသစ်၊ ဒေါ်မျိုးသီတာမြင့်နှင့် ဒေါ်မြင့်မြင့်ဌေးတို့က အမျိုးသမီးများဟာလည်း အမျိုးသားများနည်းတူ မောင်တစ်ထမ်း မယ်တစ်ရွက်ဆို သကဲ့သို့ အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါပုံများကို အသီးသီးဆွေးနွေးဟောပြောကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာများကို အခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် လူမှုအရေးအဖွဲ့ဝင်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)