ဆင်ပေါင်ဝဲမြို့နယ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ဆင်ပေါင်ဝဲ ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က  ရွှေမောင်းစွန်းကျေးရွာအုပ်စုနှင့် မွှန်းစကျေးရွာအုပ်စုများရှိ တောင်သူ (၁၉၄) ဦးတို့၏ မိုးစပါးစိုက်ဧက (၃၂၉) ဧကနှင့် အခြားသီးနှံဧက (၇၂၃) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းနှင့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသော ကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့် ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပေးရာတွင် မိုးစပါး စိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံ တစ်ဧကလျှင်ငွေကျပ် တစ်သိန်းနှုန်းတို့ကို ယနေ့အထိ ကျေးရွာအုပ်စု (၁၁) အုပ်စုမှ တောင်သူ (၅၅၈) ဦး၏ မိုးစပါးစိုက်ဧက (၅၃၉) ဧက၊ အခြားသီးနှံဧက (၂၇၇၁) ဧကအတွက် ငွေကျပ် (၃၅၇၉.၅၀) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)