မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဝောာ်ကျင်းပ

ရေဦး ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အောင်ဆန်းရပ်ကွက်၊ ထပ်ဆင့်လွှင့်စက်ရုံဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မီးသတ်၊ စည်ပင်သာယာ‌ရေးအဖွဲ့ တာ၀န်ရှိသူများ၊ မိသားစုစည်းကမ်းထိမ်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီ၀င်များ၊ ဌာနဆိုင်ရာများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် သစ်ဝောာဦးစီးဌာန တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနတာ၀န်ခံ ဦးစည်သူအောင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်တို့ထံ ပျိုးပင်များပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများက သစ်ပင်များစု‌ပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနက ရေသယ်ယာဉ်ဖြင့် စိုက်ပြီးပျိုးပင်များအား ရေလောင်းပေးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း (၃၀) ပင်၊ ပိတောက် (၃၀) ပင်နှင့်၊ ခရေ (၄၀) ပင် စုစုပေါင်းပျိုးပင် (၁၀၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး)