ဂန့်ဂေါ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပါကြောင်း၊ ကော်မတီများအနေဖြင့် အချက်အလက်များမှန်ကန်ရေး စနစ်တကျပြု စုထားရန်လိုအပ်ကြောင်း၊ မော်တော်ယာဉ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိရေး၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပါပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများ အနေဖြင့် ပေးအပ်သော လုပ်ငန်းတာဝန်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်လိုအပ်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ ဂန့်ဂေါမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ပျက်စီးဆုံးရှုံးမှုများ စာရင်းကောက်ယူရေးအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့စသည့် အဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးအရေးပေါ် ကျရောက်လာပါက ဘေးလွတ်ရာစုရပ်များကို သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ဆေးဝါးများ စုဆောင်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးကျရောက်လာပါက ဘေးသင့်ပြည်သူများကို ရန်ပုံငွေနှင့် အိမ်ထောင်စု (၄၀၆) စု အတွက် ထောက်ပံ့ပစ္စည်း (၁၆) မျိုးတို့ကို စုစည်းထားပါကြောင်း ရှင်းလင်းတင်ပြကြရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းပြီးခဲ့သည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနက ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများကို ဂန့်ဂေါခရိုင်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်၊ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၊ ဂန့်ဂေါမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)