ဟားခါး ဇူလိုင် ၄
၂၀၂၄ ခုနှစ် ၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲတွင် ချင်းရိုးရာအကများစံထား၍ တိုင်းဒေသကြီး / ပြည်နယ်များမှ ကပြရမည်ဖြစ်၍ ထူးခြားသည့်ပြိုင်ပွဲဖြစ်ပါကြောင်း ၊ ဖွဲ့စည်းထား သည့် လုပ်ငန်းကော်မတီများအနေဖြင့် လက်တွေ့မြေပြင်နှင့်ကိုက်ညီပြီး မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီသည့် ကုန်ကျစရိတ်ဖြင့် အကောင်းဆုံးသော အောင်မြင်မှုရရှိနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြိုင်ပွဲဖြစ်သော်လည်း မတရားသောနည်းလမ်းဖြင့် ဆုရသည်ထက် ရိုးရိုးသားသားနှင့် ပြိုင်ပွဲဝင်ရောက်ခြင်းကို ဦးစားပေးစေလိုကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် တင်ပြလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် ၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအသီးသီးမှ ကော်မတီတာဝန်ရှိသူများကို ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲနှင့် တင်ပြ လိုသည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)