ဘားအံမြို့တွင် မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပ

ဘားအံ ဇူလိုင် ၃

ကရင်ပြည်နယ်အတွင်း အမျိုးသမီးများ ဘက်စုံကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အားကစားကဏ္ဍ အစရှိသည့်ကဏ္ဍများဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားမှသိရသည်။

မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ကဏ္ဍပေါင်းစုံမှတမ်းတူညီမျှပါဝင်နိုင်ရန် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးကဏ္ဍများအား ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က ပြည်နယ်အတွင်း အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍများတွင် ထူးချွန်ခဲ့သော အမျိုးသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးကော်မတီတို့မှ ခင်းကျင်းပြသထားသည့် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ကရင်ပြည်နယ်ဒေသထွက် အမျိုးသမီးထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တွဲဘက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၏ တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)