ပန်းတနော် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနည်းကွင်း သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဆုတောင်းပြည့်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းသရုပ်ပြပွဲကို ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူ ဦးကျော်ဧငြိမ်း၏ ကွင်းအမှတ် (၅၈၂)၊ ဦးပိုင်အမှတ် (၁၄) လယ်ယာမြေတွင် စိုက်ပျိုးနည်း သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းအားဖြင့် တောင်သူလယ်သမားများ ပျိုးနုတ်ရန်မလိုအပ်ခြင်း၊ ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှုလျှင်မြန်စေခြင်း၊ စပါးမျိုးစေ့နှုန်းထား လျော့ချနိုင်ခြင်း စသည့် သွင်းအားစုများ အကုန်အကျသက်သာ၍ အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)