ဒေးဒရဲမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒေးဒရဲ ဇူလိုင် ၃

ဧ​ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျသည့် လူဦးရေစာရင်းများ တိကျစွာ ရရှိရေးအတွက်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးရေးအတွက် ကော်မတီဝင်ဌာနများအနေဖြင့် ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးနိုင်ဦးလှိုင်က မြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စာရင်းကောက်အဖွဲ့များ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးသွားမည့် လုပ်ငန်းများနှင့် စာရင်းကောက်ယူရာတွင် လူဦးရေစာရင်းများ တိကျစွာ ရရှိနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ကော်မတီဝင်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက် ည(၁၂)နာရီမှစတင်ကာ စာရင်းကောက်အဖွဲ့ (၃၉)ဖွဲ့က စာရင်းကောက်ကွက် (၅၅၂)ကွက်ဖြင့်  မြို့နယ်ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နေထိုင်သူများအားလုံးကို မထပ်မကျန်စာရင်းကောက်ယူနိုင်ရန် သန်းခေါင်စာရင်းရည်ညွှန်းချိန်မှ စတင်၍ ရပ်ကွက်/ကျေးရွာများအလိုက်   Mobile Tablet ဖြင့် ၁.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အေဇာလင်း