လက်ပံတန်းမြို့နယ်တွင် ရွှေရတုစာဖတ်ဝိုင်းအထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာပေဆုချီးမြှင့်ပွဲကျင်းပ

လက်ပံတန်း   ဇူလိုင်  ၃

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လစဉ်စာဖတ်ဝိုင်းများကျင်းပခဲ့ရာ အကြိမ် (၅၀) ပြည့်မြောက်သည့် ရွှေရတုအထိမ်းအမှတ်အဖြစ် စာပေဆုချီးမြှင့်ပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို  လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အကြိမ် (၅၀) ပြည့်မြောက်သည့် ရွှေရတုအထိမ်းအမှတ်အဖြစ်  Book Club ဥက္ကဋ္ဌဦးမြင့်သိန်း စာရေးဆရာမြင့်သိန်း-ရွှေတောင် (ချည်/ထည်/ချော) မှ လစဉ်စာဖတ်ဝိုင်းတွင် တက်ရောက်ဆွေးနွေးခဲ့သည့် ကျောင်းသားကျောင်းသူများအား စာပေအရေးအသား၊ စာစီစာကုံးအရေးအသားတိုးတက်စေရန်ရည်ရွယ်၍ “စာဖတ်ဝိုင်းဆွေးနွေးပွဲမှ ရရှိသောအကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပပေးပြီး မြင့်သိန်း-ရွှေတောင် (ချည်/ထည်/ချော) စာပေဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “စိတ်ဓာတ်အမွေခံပညာအမွေခံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ  မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက “ပညာတတ်တစ်ယောက်၏တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က မကျီးကွင်းမှ ဆရာမဒေါ်သီတာခိုင်က “ကျောင်းစာတော်ပါ၏။ သို့သော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (၁) မှ ဆရာဦးညီဝင်းနိုင်က “အလွတ်ကျက်သင့်သည် မကျက်သင့်သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်း တက်ရောက်လာသူများက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   

မြို့နယ် (ပြန်/ဆက်)